Saturday, May 19, 2012

Black Hole အကြောင်း သိကောင်းစရာ


Black Hole အကြောင်း သိကောင်းစရာ - ၁


အဆုံးအစမသိ အပြောကျယ်လှတဲ့ စကြာဝဠာထဲမှာ အံ့သြောစရာတွေက တပုံတပင်ပါ..။ ဒီအထဲကမှ black hole တွေအကြောင်း ကျနော်တို့ ဆွေးနွေးကြည့်ကြတာပေါ့..။
black hole theory ကိုစတင်ခဲ့တဲ့သူကတော့ ဂျာမန် နတ္ခတ္တဗေဒ ပညာရှင် Karl Schwarzschild ဖြစ်ပါတယ်တဲ့..။ အိုင်စတိုင်းရဲ့ ရီလစ်တီဗတီ သီအိုရီပေါ်မှာ အခြေခံတယ်လို့ ဖတ်ဘူးပါတယ်..။
အပေါ်ကပုံက Stellar Evolution ရဲ့ပုံပါ..။ ကြယ်တစ်စင်း မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ အဆင့်ဆင့် ပြောင်းလဲပုံကို ပြထားတာပါ...။ အဲဒီပုံအရဆိုရင်တော့ black hole ဆိုတာ ကြယ်ကြီးတစ်လုံးရဲ့ ရုပ်အလောင်းလို့ ပြောရင်ရမလားပဲ..။
ကြယ်တစ်စင်းမွေးဖွားခြင်းရဲ့ လက်သည်ကတော့ ဒြပ်ဆွဲအားပါ..။ နက်ဗြူလာ ဆိုတဲ့ ဓာတ်ငွေ့တွေ ဖုန်မှုန့်တွေ ပါဝင်တဲ့ တိမ်တိုက်ကြီးထဲမှာ အခြင်းခြင်းဆွဲငင်ရာကနေ အစုအဝေးတစ်ခုဖြစ်လာပါတယ်..။ အဲဒီ အစုအဝေးရဲ့ အလယ်ဗဟိုဟာ တဖြည်းဖြည်းသိပ်သည်းလာတဲ့အခါ ဖိအားလည်း များပြားလာပါတယ်..။ များပြားလာတဲ့ ဖိအားကြောင့် အပူချိန် တဖြည်းဖြည်းချင်း မြင့်တက်လာပါတယ်..။ အဲဒီအဆင့်ဟာ protostar ပါပဲ..။

protostar ရဲ့ အတွင်းဘက်အပူချိန်ဟာ 10 million degrees C (18 million degrees F) ကို ရောက်တဲ့ အချိန်မှာ သူဟာ star အဖြစ်ကို ရောက်သွားပါပြီ..။ ဒီနေရာမှာ star ရဲ့ စွမ်းအင်ထုတ်ပေးပုံကို နည်းနည်း ရှင်းပြဖို့ လိုပါလိမ့်မယ်..။
ကျနော်တို့ နေအဖွဲ့အစည်းကနေဟာ ဘယ်လိုနည်းနဲ့ အပူနဲ့ အလင်း ကို ထုတ်ပေးနေပါသလဲ..။ ကျနော်တို့ သုံးစွဲနေတဲ့ ရေနံ၊ ကျောက်မီးသွေး ဆိုတာတွေ လောင်ကျွမ်းနေတဲ့ မီးဘောလုံးကြီးပဲလား..။ အဲလိုရုပ်ကြွင်းလောင်စာမျိုးသာဆိုရင် နေဟာနေ့စဉ်ဒီလောက်စွမ်းအင်ထုတ်ပေးဖို့ သူ့ရဲ့ဒြပ်ထုပမာဏဟာ အလွန်ဆုံး နှစ် ၂၀၀၊ ၃၀၀ ပဲခံပါလိမ့်မယ်..။ ဒါပေမယ့် နေအဖွဲ့အစည်း တည်ရှိနေခဲ့တာ နှစ်သန်းထောင်နဲ့ ချီပြီး ကြာခဲ့ပါပြီ..။ ဒီလောက်အကြာကြီး စွမ်းအင်တွေပေးဖို့ နေဟာ ဘယ်လိုအရင်းအမြစ်ကိုများ သုံးပါသလဲ..။ သိပ္ပံပညာရှင်တွေက စပက်ထရိုစကုပ်မှာ နေကလာတဲ့ အလင်းရောင်ကို ရောင်စဉ်ခွဲကြည့်တဲ့အခါ.. ကမ္ဘာပေါ်မှာ တွေ့နေကျမဟုတ်တဲ့ လိမ္မောရောင် မျဉ်းကြောင်း တစ်ခုကို တွေ့ရပါတယ်တဲ့..။ အဲဒီကနေ အဲဒီအရောင်ကို ဖြစ်စေတဲ့ ဟီလီယံ ဓာတ်ငွေ့ဟာ နေပေါ်မှာ အများအပြားရှိကြောင်းနဲ့ နေရဲ့ စွမ်းအင် အရင်းအမြစ်ကိုပါ သိခဲ့ကြပါတယ်..။ နေဟာ nuclear fussions ဖြစ်စဉ်နဲ့ စွမ်းအင်တွေ ပေးနေတာပါ..။ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ်ပြောင်းပြီး ထွက်လာတဲ့ စွမ်းအင်ကို အပူနဲ့ အလင်းအဖြစ် ပေးနေတာ ဖြစ်ပါတယ်..။

နေမုန်တိုင်းဆိုတာ ဘာလဲ ?

နေမုန်တိုင်းဆိုတာ နေမျက်နှာပြင်ပေါ်မှာ ဖြစ်တတ်တဲ့ တော်နေဒို မုန်တိုင်းကို ပြောတာ ထင်ပါတယ်..။ Discovery မှာကြည့်ဘူးတာကတော့ ကမ္ဘာပေါ်က တော်နေဒိုလိုပါပဲ..။ အတွင်းမှာ ၀ဲလှဲ့တိုက်ခတ်နေတဲ့ အရှိန်က 0.5 million km/hour ရှိပါတယ်တဲ့..။ နေရဲ့ မျက်နှာပြင်မှာရှိနေတဲ့ ဂက်စ်တွေရဲ့ လည်နှုန်းထက် အတွင်းဘက် တစ်လွှာခြင်း တစ်လွှာခြင်းမှာ လည်ပါတ်နေတဲ့ နှုန်းက ပိုပိုပြီး မြန်သွားတဲ့ အတွက် အဲဒီလည်နှုန်းမတူညီမှုက မုန်တိုင်းကို ဖြစ်စေတာလို့ ပြောပါတယ်ဗျာ..။ နောက်တစ်ခုက နေရဲ့အီကွေတာမှာ တစ်ပါတ်လည်ဖို့ ၂၆ ရက်ကြာပေမယ့် ၀င်ရိုးစွန်းဘက်တွေမှာတော့ တစ်ပါတ်လည်ဖို့ ၃၇ ရက်ကြာပါတယ်တဲ့..။ အဲဒီလို မတူညီမှုဟာ နေရဲ့ magnetic field တွေကို ကမောက်ကမ ဖြစ်စေပါတယ်..။ ကမ္ဘာမှာလို north pole နဲ့ south pole ကြားရှိနေတဲ့ field လမ်းကြောင်းတွေလိုမဟုတ်ပဲ.. သူရဲ့မျက်နှာပြင်ပေါ်မှာပဲ ( ဂငယ်) လေးတွေကို အစီအစဉ်မကျ မှောက်ချထားသလို သံလိုက်အားလမ်းကြောင်း ကွေးကွေးလေးတွေကို ဖြစ်စေတာပါ..။ မီးလောင်နေတဲ့ ဂက်စ်တွေက အဲဒီလမ်းကြောင်းကွေးလေးတွေအတိုင်းလည်ပါတ်တဲ့အခါ နေပေါ်မှာ ပြင်ညီမဟုတ်ပဲ အဲဒီလို အခုံးတွေ အတန်းတွေနဲ့ ပြည့်နေတာကို မြင်ရတာပါတဲ့ ပရိုတိုစတား တစ်လုံးရဲ့ အလယ်မှာ nuclaear fussion ဖြစ်စေဖို့ လုံလောက်တဲ့ အပူချိန်ကို ရတဲ့ အခါမှာတော့ သူဟာ စတား တစ်လုံးဘ၀ကို ရောက်ရှိပြီး သူ့ပါတ်ဝန်းကျင်ကို အပူနဲ့ အလင်းတွေ ပေးပါတော့တယ်..။

Black Hole အကြောင်းသိကောင်းစရာ - ၂


red giant ဖြစ်လာတဲ့ အဆင့်လေးပါ..။
အပေါ်မှာ ရေးခဲ့တဲ့ အတိုင်း.. နေဟာ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ်ပြောင်းပြီး စွမ်းအင်ထုတ်တာပါ..။
deuteron ( အလယ်တွင် ပရိုတွန်တစ်လုံး နယူထရွန်တစ်လုံး ပါသော ဟိုက်ဒရိုဂျင် အက်တမ်) နှစ်လုံးပေါင်းတာဟာ ဟီလီယမ်တစ်လုံး နယူထရွန် အလွတ်တစ်လုံးနဲ့ 3.2MeV ရပါတယ်..။ 3.2 MeV ဆိုတာ ဟိုက်ဒရိုဂျင်အက်တမ်လေးနဲ့ စာလိုက်ရင် ကြီးမားတဲ့ ပမာဏပါ..။ အက်တမ်ပမာဏ နည်းနည်းနဲ့ စွမ်းအင်များများ ထုတ်နိုင်ပါတယ်..။ ဒါပေမယ့် ကြယ်တွေပိုင်ဆိုင်ထားတဲ့ မရေမတွက်နိုင်တဲ့ ဟိုက်ဒရိုဂျင်ဆိုတာလည်း အကန့်အသတ်မရှိတဲ့ အရာမဟုတ်ပါဘူး.. တစ်နေ့တော့ ကုန်သွားမှာပါပဲ..။
ဟိုက်ဒရိုဂျင်လောင်စာကုန်ကာနီးရင် ကြယ်ရဲ့ အလယ်က core ဟာ ကြုံ့ဝင်သွားပါလိမ့်မယ်။ အလယ်မှာပဲ ဟိုက်ဒရိုဂျင်က ကျန်တော့တာကိုး..။ အပြင်လွှာကတော့ အပြင်ဘက်မှာရှိနေတဲ့ ဟိုက်ဒရိုဂျင်တွေကို လိုက်လံလောင်ကျွမ်းရင်း ကျယ်ပြန့်လာပါလိမ့်မယ်..။ အပြင်လွှာရဲ့ အပူချိန်ဟာ နိမ့်ကျတဲ့အတွက် အနီရောင် ဖြစ်နေပါလိမ့်မယ်..။ သူ့ရဲ့ အရွယ် အစားဟာ ကျနော်တို့ နေရဲ့ အဆ ၁၀၀ ကနေ အဆ ၁၀၀၀ အထိ ကြီးပါလိမ့်မယ်..။ ကျနော်တို့ရဲ့ နေလည်း နောင်နှစ်သန်း၅၀၀၀ ကြာရင် အဲဒီလို ပေါက်ကွဲပါလိမ့်မယ်..။ နေကဖြစ်လာတဲ့ red giant ရဲ့ အ၀န်းအ၀ိုင်းဟာ ကမ္ဘာပါတ်လမ်းကို ငုံမိတဲ့ အထိကြီးပါလိမ့်မယ်..။ ကမ္ဘာက နေထဲကိုရောက်သွားမှာပါ..။
ကဲ.. ခုန ဆွေးနွေးတာလေး ဆက်ပါဦးမယ်..။ Red giant ဘ၀ကနေ နောက်ထပ်ဆက်ဖြစ်နိုင်တာက နှစ်မျိုးရှိပါတယ်..။ တစ်မျိုးက planetary nebula ဖြစ်ပါတယ်..။ ကြယ်ဘ၀က အရွယ်အစား သိပ်မကြီးခဲ့တဲ့ ကြယ်တွေပါ..။ ကျနော်တို့ နေလိုပေါ့..။ red giant ဖြစ်သွားပြီးတဲ့အခါ သူ့ရဲ့ သိပ်သည်းဆ အရမ်းနည်းပြီး အရွယ်အစားကအရမ်းကြီးနေတဲ့ အတွက် unstable ဖြစ်လာပါတော့တယ်..။ သူရဲ့ အပြင်ပိုင်းအလွှာတွေကို ဆွဲငင်အားနဲ့ ဆက်ထိမ်းမထားနိုင်တော့တဲ့ အတွက် တဖြည်းဖြည်းနဲ့ လွင့်ပါးပျောက်ဆုံးကုန်ပါတယ်..။ အဲဒီလိုနဲ့ အထဲမှာ ဂြိုဟ်တွေပါတ်နေတဲ့ ဓာတ်ငွေ့ တိမ်တိုက်ကြီး ဘ၀ကို ရောက်သွားပါတယ်..။
နောက်တစ်မျိုးကတော့ အလွန်ကြီးမားတဲ့ ကြယ်ကြီးတွေ ပေါက်ကွဲတဲ့ အခါမှာ ဖြစ်တာမျိုးပါ..။ သူကတော့ ပြန့်ကားထွက်သွားတဲ့ အပြင်လွှာမှာ ဟီလီယမ်တွေသာမက ဟိုက်ဒရိုဂျင်လောင်စာတွေပါ ပါသွားတာဖြစ်ပါတယ်..။ အဲဒီ လောင်စာတွေက ထက်ပြီးတော့ nuclear fusion reaction ဖြစ်တဲ့အခါ Supergiant လို့ခေါ်တဲ့ မဟာကြယ်ဘီလူး ကြီးတွေ ဖြစ်လာပါတော့တယ်..။ သူ့ရဲ့အ၀န်းအ၀ိုင်းဟာ ကျနော်တို့ နေအဖွဲအစည်းလောက်ရှိမယ်လို့ ထင်ပါတယ်..။ အဲဒီကြယ်ဘီလူးကြီးတွေဟာ black hole ရဲ့ အလောင်းလျှာတွေပါပဲ..။

Black Hole အကြောင်းသိကောင်းစရာ - ၃


supergiant တွေ ပြိုပျက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတာကတော့ supernova ပါ..။
ကျနော်တို့ နေ ထက် အနည်းဆုံး ၈ ဆ လောက်ကြီးတဲ့ ကြယ်ကြီးတွေ ပြိုပျက်လို့ ဖြစ်လာတဲ့ supergiant တွေကစပါတယ်..။ supergiant တွေမှာ အပြင်ဘက်ပိုင်းတွေမှာ ဖြစ်နေတဲ့ nuclear reaction ဟာ atomic number ငယ်တဲ့ ဒြပ်တွေကို ကြီးတဲ့ ဒြပ်တွေဖြစ်လာအောင် ပြောင်းလဲပစ်နေပါတယ်..။ nuclear fusion ဖြစ်စဉ်ပါ..။ ဟီလီယမ် ကနေ ကာဗွန်၊ အောက်ဆီဂျင်၊ အိုင်ရွန်း စသည်ဖြင့်ပေါ့..။ သာမာန် redgiant တွေမှာတော့ ကာဗွန်မှာပဲ အဆုံးသတ်တဲ့အတွက် ကာဗွန်ပဲကျန်ပါတယ်..။ supergiant ကြယ်ကြီးတွေမှာတော့ iron အဆင့်ရောက်မှ stable ဖြစ်ပါတယ်..။ fusion ဖြစ်စဉ်ဟာ iron ထက်ပိုလေးတဲ့ ဒြပ်တော့ မလုပ်ပေးနိုင်တော့ပါဘူး..။ ဒါနဲ့ iron တွေဖြစ်လာတာ များလာတဲ့အခါ.. သူ့ရဲ့ ဒြပ်ထုကို သူမနိုင်တော့ပဲ အတွင်းကို ပြိုကျပါတယ်..။ အဲဒီပြိုကျတဲ့ အရှိန်နဲ့ ပေါက်ကွဲပါတယ်..။ ပေါက်ကွဲမှုအ ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ shock wave ဟာ material shell နဲ့အတူ စကြာဝဠာထဲကို ပျံ့လွင့်သွားပါတယ်..။ အဲဒီလို ဖြစ်နေတဲ့ ကြယ်ပျက်ကြီးကို supernova လို့ခေါ်ပါတယ်..။ ပေါက်ကွဲမှုတွေကြောင့် အပြင်ကို မှုတ်ထုတ်ခံလိုက်ရတဲ့ ဒြပ်ပစ္စည်းတွေဟာ နောက်ထပ်ကြယ်သစ်တစ်လုံး.. ဒါမှမဟုတ် ဂြိုဟ်တစ်လုံးအဖြစ် ပေါင်းစည်းကြပါတယ်...။ အောက်မှပြထားတဲ့ပုံတွေကတော့ ၁၉၉၄ ခုနှစ်မှ Hubble Space Telescope က တွေ့ခဲ့တဲ့ Supernova 1987 A ရဲ့ ပုံဖြစ်ပါတယ်..။
supernova တစ်ခုဟာ သူ့ရဲ့ အပြင်လွှာတွေအတွင်းဘက်ကို ပြိုပြိုကျရာကနေ နောက်ဆုံးမှာ အလယ်က core မှာ အင်အားကောင်းတဲ့ ဆွဲငင်အားကို ဖြစ်စေပါတယ်..။ mass က ပိုပိုကြီးလာတဲ့အခါ gravity ကပိုပိုများလာတဲ့ သဘောပါ..။ ဒီလိုအနေအထားရှိလာတဲ့ supernova မှာ ဆက်ဖြစ်လာနိုင်စရာ အလားအလာနှစ်ခုရှိပါတယ်..။


Neutron star

neutron star ဖြစ်လာမယ့်ကြယ်ဟာ အစက supernova ရဲ့ core ဖြစ်ခဲ့ပါတယ်..။ အပြင်လွှာတွေဟာ nuclear fusion ဖြစ်စဉ်ကြောင့် လေးလံတဲ့ matreial တွေအဖြစ်ကိုပြောင်းလဲပြီးတော့ အတွင်းဘက်ကို ပြိုပြိုကျရာကနေ တဖြည်းဖြည်း ပိုမိုသိပ်သည်းလာပါတယ်..။ သိပ်သည်းမှုကြောင့် ဆွဲငင်အား ပိုကြီးလာပြီးတော့ သူ့မှာရှိတဲ့ အက်တမ်တွေဟာ အက်တမ်အဖြစ်မတည်မြဲနိုင်တော့ပဲ.. ပရိုတွန် နဲ့ အီလက်ထရွန်တွေအဖြစ် ပြိုကွဲကုန်ပါတယ်..။ ဒါတင်မရပ်သေးပဲ အဲဒီ ပရိုတွန် နဲ့ အီလက်ထရွန်တွေကို ပေါင်းစပ်ပြီး နယူထရွန်ဘ၀ကို ပြောင်းပစ်လိုက်ပါတယ်..။ အဲဒီကြယ်မှာ နောက်ဆုံးကျန်ခဲ့တာကတော့ neutron တွေပဲဖြစ်ပါတယ်..။ သိပ်သည်းဆ အရမ်းကြီးလွန်းလို့ အဲဒီကြယ်က material လက်ဖက်ရည် တစ်ဇွန်းစာ ဟာ ကမ္ဘာပေါ်မှာ တန်ပေါင်းများစွာလေးပါလိမ့်မယ်တဲ့..။ ကမ္ဘာက တစ်ပါတ်လည်ဖို့ ၂၄နာရီကြာပေမယ့် neutron star တွေကတော့ တစက္ကန့်မှာကိုပဲ အပါတ်ပေါင်း ၃၀ လောက် လည်ပစ်နေတာပါ..။ အရမ်းမြန်လွန်းတော့ သူ့ဆီကနေ signal တွေထွက်ပါတယ်..။ ဒါကြောင့် neutron star ကို pulser လို့လည်း ခေါ်ကြပါတယ်....။

Black Hole အကြောင်း သိကောင်းစရာ - ၎

Black Hole တော့ပစ်ရဲ့ အဓိက အကြောင်းအရာ black hole ဖြစ်လာရတဲ့ အကြောင်းကို ရောက်ပါပြီ..။ တကယ်လို့ supernova ဟာ တော်တော်ကြီးနေခဲ့မယ်ဆိုရင်တော့ neutron star အဆင့်နဲ့ မရပ်တော့ပါ..။ အပြင်လွှာတွေပြိုကျ၊ သိပ်သည်းဆ ကြီးသည်ထက်ကြီးပြီးတော့ နောက်ဆုံး နယူထရွန်ဖြစ်ပါမယ်..။ ဒါပေမယ့် ဒြပ်ထုက အင်မတန်ကြီးနေရင်တော့ နယူထရွန်လည်း ချမ်းသာရာမရတော့ပါ..။ နယူထရွန်အဖြစ်ဆက်လက် တည်မြဲနိုင်ခြင်းမရှိပဲ ဘာ လို့ နာမည်တပ်လို့ မရနိုင်တဲ့ ဒြပ်သား သန့်သန့်ဖြစ်သွားပါတော့တယ်..။ နယူထရွန်တွေ အများကြီး စုဝေးနေတာမျိုးမဟုတ်ပဲ တဆက်ထဲ၊ တသားထဲရှိနေတဲ့ object တစ်ခုတည်း ဖြစ်သွားပါတယ်..။ သူ့ရဲ့ အရွယ်အစားဟာ ကမ္ဘာပေါ်က မြို့ကြီးတစ်မြို့ထက် သေးပါလိမ့်မယ်တဲ့..။ ဒါပေမယ့် သူ့ရဲ့ mass ကတော့ ကျနော်တို့ရဲ့ နေထက် ၁၀ ဆမက ကြီးလိမ့်မယ်လို့ဆိုပါတယ်..။ ပါတ်ဝန်းကျင်မှာ ရှိရှိသမျှအရာအားလုံးကို မလွတ်တန်းဆွဲငင်ပါ တော့တယ်..။ အလင်းရောင်တောင် သူ့ဆွဲငင်အားထဲက မလွတ်ပါဘူး..။ ဆွဲငင်ခံရတဲ့ အရာအားလုံးဟာ သူ့အလယ်မှာ ရှိနေတဲ့ singularity မှာသွားပြီးပူးပေါင်းပါတယ်..။ တချို့ ပညာရှင်တွေကတော့ black hole ရဲ့ အလယ်မှာ wormhole လို့ခေါ်တဲ့ အပ်တစ်ဖျားစာ အပေါက်သေးသေးလေး ရှိတယ်လို့ ယုံကြည်ကြပါတယ်..။ အဲဒီအပေါက်လေးကို ဖြတ်ပြီးသွားရင် အလင်းနှစ်သန်းပေါင်းများစွာဝေးတဲ့ အခြားဂလက်ဆီတွေကို ရောက်သွားပါလိမ့်မယ်တဲ့..။

Black Hole အကြောင်းသိကောင်းစရာ - ၅

black hole တွေ ရှိတာကတော့ ဟုတ်ပါပြီ..။ အဲဒီ black hole တွေကို သူတို့ ဘယ်လိုတွေ့ခဲ့ကြသလဲ..။ သူ့ဆီကနေ အလင်းတောင် လွတ်ထွက်မသွားနိုင်တော့ လုံးဝမမြင်နိုင်တဲ့ အဲဒီ black hole တွေရှိကြောင်း ဘယ်လိုနည်းနဲ့ သက်သေပြခဲ့ကြပါသလဲ..။ စိတ်ဝင်စားစရာပါ..။ ဆက်ပြီးဆွေးနွေးကြတာပေါ့ဗျာ..။
black hole နဲ့ပါတ်သတ်ပြီး စိတ်ဝင်စားလာကြတာကတော့.. စတီဖင်ဟော့ဖ်ကင်းရဲ့ Big Bang and Big Crunch Theory ကစမယ်လို့ ထင်ပါတယ်..။ စကြာဝဠာကြီးရှိနေတာကို သိခဲ့ကြပါပြီ..။ ဒီစကြာဝဠာကြီး ဘယ်လို အစပြုခဲ့တယ်.၊ ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ပညာရှင်တွေက ဖြေရှင်းဖို့ ကြိုးစားကြပါတယ်..။ သူတို့ရဲ့ ကြိုးစားမှုတွေဟာ How? ဆိုတဲ့ မေးခွန်းကို ဖြေနိုင်ကောင်းဖြေနိုင်ကြပေမယ့် Why? ဆိုတဲ့ မေးခွန်းကိုတော့ ဘယ်သူမှ မဖြေနိုင်ကြပါဘူး..။ How? ဆိုတဲ့ မေးခွန်းကို ဖြေကြတဲ့ အဖြေတွေမှာတော့ အများဆုံးလက်ခံကြတာ Big Bang Theory ပါ..။ အဲဒီ သီအိုရီက ယုတ္တိတန်တဲ့ သက်သေပြချက်တွေ ပေးနိုင်လို့ ဖြစ်ပါတယ်..။ တယ်လီစကုပ်တွေနဲ့ ကျနော်တို့ မြင်နေကြရတဲ့ ကြယ်စုတိုင်းလိုလိုဟာ သူ့တို့အချင်းချင်း ဝေးကွာနေကြသလို ကျနော်တို့ဆီကလည်း ဝေးရာကိုသွားနေကြပါတယ်..။ (အင်ဒရိုမီးဒါးကြယ်စုကတော့ ကျနော်တို့ဆီကို လာနေပါတယ်)..။ မေးစရာမေးခွန်းတစ်ခု ရှိပါတယ်..။ သူတို့ဆီက အလင်းရောင် ကျနော်တို့ဆီရောက်ဖို့ နှစ်သန်းချီကြာတဲ့ ကြယ်စုတွေ ကျနော်တို့ဆီကနေ ဝေးကွာသွားတယ်လို့ ဘယ်လိုလုပ်ပြီးသိနိုင်တာပါလဲ..။ ပညာရှင်တွေက ဒီလိုဖြေရှင်းတာပါ..။ ကျနော်တို့ဆီကနေ ဝေးသွားတဲ့ ကြယ်စုတွေဆီကလာတဲ့ အလင်းတွေ အတွက် လမ်းကြောင်းက သူတို့လာနေရင်းကိုပဲ ရှည်.. ရှည် သွားပါတယ်..။ သူတို့စထွက်တဲ့ အချိန်နဲ့ ကျနော်တို့ဆီရောက်လာတဲ့ အချိန်အတွင်း ကြားမှာ အကွာအဝေးက အများကြီး ပြောင်းလဲသွားပြီကိုး..။ အဲလိုဆိုတော့ အလင်းရောင်ဟာ ဆွဲဆန့်ခြင်း ခံရပါတယ်..။ အလင်းရဲ့ လှိုင်းအလျှား ပိုရှည်သွားတာပါ..။ လှိုင်းအလျှား 600 nano meter ရှိရမယ့် အလင်းက 700 nm နီးပါးဖြစ်ပြီး အနီရောင်သမ်း သွားပါတယ်..။ (အလင်းဖြူ (day light) ထက် အနီရောင်က လှိုင်းအလျှား ပိုရှည်ပါတယ်။) အဲဒီဖြစ်စဉ်ကို အနီဘက်အရွေ့ (red shift) လို့ခေါ်ပါတယ်..။ တကယ်လို့ ကြယ်စုတွေက ကျနော်တို့ဆီကို လာနေတယ်ဆိုရင် အချိန်နဲ့ အမျှ အကွာအဝေးက တိုသွားမှာဖြစ်တော့ ကြားထဲက အလင်းရောင်ဟာ compress လုပ်ခြင်းခံရပါမယ်..။ အဲဒါဆိုရင် နဂိုကထက် လှိုင်းအလျှားပိုတိုသွားပြီး အပြာရောင် သန်းသွားပါမယ်..။ အပြာဘက်အရွေ့ (blue shift) လို့ သတ်မှတ်ပါတယ်..။ ကြယ်စုအားလုံးလိုလိုရဲ့ အလင်းတွေဟာ အနီဘက်အရွေ့ (red shift) ဖြစ်နေကြပါတယ်တဲ့..။ ဆိုလိုတာကတော့ ကျနော်တို့ စကြာဝဠာကြီးဟာ ပြန့်ကားနေပါတယ်တဲ့ဗျာ..။

No comments:

Post a Comment